top of page
  • Writer's pictureဒေါက်တာ ခန့်ညားအောင်

ကျောင်းဈေး

အဲ့ဒီနှစ်က မိုးခေါင်လို့ စပါးရောသီးနှံရော ဘာမှမရတဲ့ နှစ်ပေါ့။ အိမ်က ရှိစုမဲ့စုလေးလည်း ရောင်းတလှည့်ပေါင်တလှည့်နဲ့ ကုန်လုနီးပြီ။


အဖေက သူ့နွားတစ်ရှဉ်းကိုတော့ အထိမခံပဲ။

“ငါ့ကောင်ကြီးတွေတော့ မထိပါနဲ့ မြခင်ရာ

ငါနင်နဲ့မရခင် လူပျိုကတည်းက သူတို့နဲ့ ဖက်ရုန်းလာတာ။  ကြပ်တည်းတော့မှ ရောင်းပစ်တာတော့မလုပ်ရက်ဘူးဟ။  ပြီးတော့ သူတို့က သားသတ်ရုံပို့မှာ”


နောက်ဆုံးအခွန်းမှာ အဖေ့အသံက ဆို့နင့်တိမ်ဝင်သွားသည်။


ဒီလိုနဲ့ အဖေက ခြံထဲမှာအိမ်စားဖို့ အသီးအရွက်လေးစိုက်ပြီး အမေက ဆန်ဖိုးဆီဖိုး အပြင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကိုကျောင်းထားဖို့ အဝတ်လိုက်လျှော်တယ်။


တောမကျမြို့မကျလေးဆိုတော့လည်း တစ်ချို့အိမ်က အလုပ်များတော့ သူတို့မလျှော်အားတဲ့အဝတ်တွေကိုပေးလျှော်ကြပေမယ့် လူတိုင်းလိုလိုစီးပွါးရေးကြပ်တဲ့ကာလဆိုတော့ ကိုယ့်အဝတ်ကိုယ်လျှော်ကြတာများတယ်။


ဒီလိုနဲ့ အမေ့ရဲ့ ခဝါသည် လုပ်ငန်းလေးက အိမ်စရိတ်တောင် အနိုင်နိုင်ဖြစ်လာတဲ့အခါ

အဖေက ဒီနှစ် ဆယ်တန်းတက်နေတဲ့ အစ်မကို ကျောင်းထွက်ခိုင်းပြီး အိမ်ကထွက်တဲ့ အသီးအနှံလေးတွေကို ရပ်ကွက်တွေထဲ ခေါင်းရွက်ရောင်းခိုင်းတယ်။


အစ်မက ကျောင်းမှာ အရမ်းစာတော်တာဗျ။ အတန်းထဲမှာလဲ အမြဲလိုလို 1 to 10 ဝင်တယ်။ အစ်မ သင်္ချာတွက်ရင် အရမ်းသပ်ရပ်ပြီး အမှတ်ပြည့်ရတော့ သင်္ချာဆရာမက သူ့ဆို အရမ်းချစ်တာ။


အခုလို ကျောင်းထွက်ရမယ်ဆိုတော့ သူ့ဝမ်းနည်းနေမှာပေါ့။ အိမ်အခြေအနေကို သိလို့ ဘာမှ မပြောရှာပေမယ့် ထမင်းတောင် ခါတိုင်းလောက်မစားနိုင်ဘူး။


ကျွန်တော်က ၉ တန်းဆိုတော့ အဖေ့ကို ကျနော်ပြောတယ် ….အစ်မကို ၁၀ တန်းအောင်အောင်ထားလိုက်ပါ။ ကျနော် ဈေးကူလီ လိုက်ပါ့မယ်ဆိုတော့


အဖေက မင့် အစ်မက အိမ်ထောင်ကျရင် ယောက်ျားကလုပ်ကျွေးမှာ။ မင်းက မိန်းမကို လုပ်ကိုင်ကျွေးမွေးရမှာ မင်းပညာမတတ်ရင် ဘာနဲ့လုပ်ကိုင်စားမလဲတဲ့။


အဲ့ဒီနှစ်က ကျနော် ကျောင်းတက်ပေမယ့် မပျော်ဘူး။

မနက်ကျောင်းသွားတိုင်း ဈေးဗန်းပြင်နေတဲ့ အစ်မကို နှုတ်မဆက်ရက်ဘူး။


ကျောင်းဖွင့်ပြီး တစ်လ နှစ်လ လောက်ကြာတော့

အစ်မကို ကျောင်းသွားခါနီး နှုတ်ဆက်တော့

အစ်မက ကျနော်လက်ထဲကို နှစ်ရာတန်နှစ်ရွက်အလိပ်လေး ထည့်ပေးပြီး။


“မောင်လေး စာသေချာလိုက်နားထောင်နော်။ ကျောင်းဆင်းရင်တော့ အစ်မကြိုက်တဲ့ ဟို ပုစွန်မုန့်လေး ဝယ်ခဲ့ပေး။ မစားရတာကြာပြီမို့ “ တဲ့လေ။


ကျွန်တော့်ပါးပေါ်ကို မျက်ရည်ဥတွေ ခုန်ဆင်းလာကြလို့ အစ်မကို “ ဟုတ် စိတ်ချ” လို့ တစ်ချက်အော်ပြီး

လှည့်မကြည့်ပဲ ပြေးထွက်ခဲ့မိတယ်။


Comment လေးတစ်ခုကိုမြင်ပြီး ခံစားရေးဖွဲ့ပါသည်။

လူတိုင်းပညာသင်ကြားခွင့်ရကြပါစေ။

ခန့်ညားအောင်

၄ ရက် ဇူလိုင်လ ၂၀၂၄

0 views0 comments

Recent Posts

See All

အေးဘုံရဲ့ ဆာဝါဒီခ

အေးဘုံတစ်ယောက် သူများတွေ ထိုင်း သွားတယ် ထိုင်းသွားတယ်ဆိုနဲ့ပဲ ရွာက ဘကြီး ဝမ်းကွဲ ကို လယ်တစ်ကွက်ရောင်းပြီး (လယ်အစစ်ပါ)...

Kommentare


bottom of page