top of page
  • Writer's pictureဒေါက်တာ ခန့်ညားအောင်

ဝိုင် ကိုဘယ်လိုသောက်ကြမလဲ?

တောသူမ တစ်ယောက် ဝိုင် ကိုခွက်အပြည့်ကြီးထည့်ပြီး ဘဝဟာ နှစ်ချို့ဝိုင်လိုပဲ Blah Blah ပြောတော့ကိုယ့်အဖြစ်ကို ပြန်မြင်ယောင်ပြီး ပြောပြဦးမယ်…


ကိုယ်တွေက တောသားလေ တစ်သက်နဲ့တစ်ကိုယ် ..ဝိုင်ဆိုတာ တောင်ကြီးရောက်မှ စသောက်ဖူးတာ..

အေးသာယာ ဝိုင် ဆိုရင် အဖြူရယ် အနီရယ် ဒါပဲ သိတာ၊ ဘိုလိုဆိုရင်တော့ White Wine and Red Wine ပေါ့ အလဲ့ အနီ က ချိုတယ် အဖြူက ပြင်းတယ် တော်ပီလေ ဒီလောက်သိရင်

ပြဿနာက စားပွဲထိုး လုပ်တော့မှစတာ ..ဆိုင်မှာက ဝိုင်အမျိုးပေါင်း ၆၀ ကျော်ကို အဖြူတွေရော အနီတွေရော ကိုယ်တွေ ဆိုင်ထိုင်လို့ မှာမယ်ဆိုရင်တောင် အသံမထွက်တတ်လို့ ညီလေး ဒီဟာတစ်လုံးချ လို့ လက်ညှိုးထောက်မှာရတဲ့ဟာတွေ အခုကိုယ်တိုင်ကိုယ်ကျ ရောင်းရမယ်ဆိုတော့ မေးပြီလေ စားတဲ့သူက ဒါက ဘာအရသာလဲ ဆိုရင်ဖြေရတော့ ဖြေနိုင်အောင် ဝိုင် အကုန်လုံးရဲ့ အရသာကို သိအောင် သောက်ချင်လည်းသောက် (လူကြားကောင်းအောင် ပြောတာ အမှန်က သောက်ချင်တယ်)

Training အနေနဲ့ Wine Training ၊ Coffee Training စတဲ့ Training တွေရတော့ - Wine Training မှာ ဝိုင်အကြောင်း ဘယ်လိုရှင်းပြရမလဲ ၊ ဝိုင်ကို ဘယ်လိုတည်ခင်းဧည့်ခံရမလဲ ဆိုတာတွေ ပါတယ်။

ကိုယ်က တောသားဆိုတော့ ဝိုင်များ ဖောက်ပြီး ဖန်ခွက်ထဲထည့် ပြီးတာပဲ ဟာလို့ တွေးတာကိုး။


ဝိုင် ပုလင်းဖောက်တာကစပြီး သောက်တလွဲတွေလုပ်တော့တာပဲ (အစမို့ပါ )

ဧည့်သည်က ဘိုမ တွေနဲ့ စီရုတ် မတွေပေါ့ကွယ် အသက်ကြီးကြီးတွေလည်းပါတယ် ဝိုင်လေးနဲ့ မမလူစီတွေ မမရှယ်လီတွေ လုပ်ကြမှာနေမှာပေါ့။ ကိုယ်ကလည်း လူသစ်ဆိုတော့ ဝိုင်ကို ဖောက်ထည့်လိုက်တာ ဖုန်းဆို ဖော့ဆို့က အကျယ်ကြီးမြည်ပြီး ကန်ထွက်သွားလို့ မမတွေ ခမျာ နှလုံးတုန်ရင်တုန်ဖြစ်သွားရော။ တော်သေးတယ် ကန်ထွက်ပြီး နဖူးသွားမမှန်တာ။ ဘုတ်အုတ်ထဲ ရေးမှတ်ထားလိုက်ရတယ်

ဧည့်သည်ရှေ့ ဝိုင်ဖောက်ရင် ဖုန်းခနဲ မမြည်ရဘူး၊ အသာလေး ထိန်းလှည့်ပြီး ကျွတ်ခါနီးရင် လက်ကလေးနဲ့ ထိန်းပြီး ဖြည်းဖြည်းချင်း ဆွဲထုတ် - ဖွတ် ခနဲ မြည်ရုံဆို ရပြီ။


ဝိုင်ပုလင်း ဖွင့်တဲ့ အသံအကျယ်ကြီး မြည်သွားတာက ဟဲ ဟဲ ဟဲ ဆို ရယ်ကျဲကျဲ လုပ်လိုက်ရင်ပြီးသွားပေမယ့် ချွေးပြန်ပြီး အရှက်ကွဲစေနိုင်တဲ့ အရာနှစ်ခုရှိပါတယ် (နှစ်ခုလုံး ကြုံပြီးပါပကော ) ပထမ တစ်ခုက ဖော့ဆို့က ဝက်အူရစ်ပြီး ဆွဲအထုတ်မှာ ပါမလာပဲ ကွဲထွက် ပဲ့ထွက်သွားတာပါ ။ အစပိုင်းလေး သေးသေးလေးပဲ့ရုံဆိုတော်သေး ၃ ပုံ ၂ ပုံလောက်က ပဲ့ထွက်သွားပြီး အပိုင်းသေးလေး အထဲမှာ ငုတ်စိကျန်နေရင် နားဖာကလော်တံနဲ့ ထုတ်မှ ရမယ့်အဖြစ်မျိုးကြုံရပါလိမ့်မယ်။

အဲ့ဒါ ရာသီဥတု ပူတဲ့ လတွေ ၊ ပူတဲ့နေရာတွေဆို ဖြစ်တတ်ပါတယ်။ ဖော့ဆို့က ခြောက်ပြီး အက်ကွဲလွယ်သွားတာပါ ၊ မှတ်ထားပါ ခြောက်လွန်းရင်လည်းမကောင်းဘူး အဲ့တာလေး ကိုရှောင်ရှားဖို့အတွက် ဖော့ဆို့လေးကို ရေလေးဖြန်းပေး ရေလေးဆွတ်ပေးရင် အစိုဓါတ်ပြန်ရပြီး ဝက်အူနဲ့ ရစ်တဲ့အခါ မအက်ကွဲတော့ပါဘူး။ ကဲ သူငယ်ချင်းတို့လည်း ကိုယ့်ဖော့ဆို့လေး ခြောက်နေရင်ရေ လေးနည်းနည်းဖြန်းပေးလိုက်ဦးနော် အက်ကွဲကုန်မှာစိုးလို့။


နောက်ပြသနာက ဖော့ဆို့ငုတ်တိုက အပြင်ထွက်မလာပဲ အထဲ ပလွတ်ဆို ဝင်သွားတာ …

အဲ့တာမျိုးဆိုရင်တော့ ပုလင်းခွဲပြီး ထုတ်ချင်ထုတ် မထုတ်ချင်ရင် Wine Phop Sein (ဝိုင်ဖော့စိမ်) ဆိုပြီးသာ မွှေးမွှေးလေးသောက်လိုက်ကြပေတော့ ။


ဝိုင်အကြောင်းပြောရင် ဖင်အကြောင်းက မဖြစ်မနေပြောရတော့မှာပါ ။ တခြားမတွေးပါနဲ့ ကိုင်ရမယ့် ဖင်နဲ့ မကိုင်ရမယ့်ဖင် ကို သိကိုသိထားရပါမယ်။ အခု တော့ ကိုင်ရမယ့် ဖင်အကြောင်း စပြောပါ့မယ်။

ဝိုင်ကို ငှဲ့ တဲ့အခါ ကျနော်တို့ ဘော်ဒါတွေ ဆုံရင် လုပ်နေကြ ..ရော့ သားကြီး ချကွာ သောက်ဆိုပြီး ပုလင်းလည်ပင်းကကိုင်ပြီး ဗလွတ် ဗလွတ် ဆိုပြီး လောင်းချလို့ မရပါဘူး။


ဝိုင်ရဲ့ အရသာက အခန်းအပူချိန်နဲ့ မူတည်ပြီး ပြောင်းသွားနိူင်ပါတယ်။ ဝိုင်ပုလင်းကို ကိုယ်ထည်နေရာက ကိုင်ရင် ကို့လက်က အပူတွေက ဝိုင်ထဲကို ရောက်သွားပြီး အရသာပြောင်းသွားနိုင်ပါတယ်။

ပုလင်း လည်ပင်းက ကိုင်ပြီး ငှဲ့တာက မယဉ်ကျေးပါဘူးတဲ့ အဲ့ဒီတော့ ဝိုင်ပုလင်းရဲ့ ဖင်မှာ Punt လို့ခေါ်တဲ့ အချိုင့်လေးရှိတယ် ။ (ပုံတွင်ရှု့)


အဲ့အချိုင့်လေးမှာ လက်မကို ထားပြီး ကျန်တဲ့ လက် (၄) ချောင်းက ဝိုင်ပုလင်းဖင်လေးကို အသာလေး ရွရွလေးမ ပြီး ဝိုင်ခွက်ထဲကို ဖြေးဖြေးချင်း လောင်းထည့်ရပါမယ်။ ခွက် ကို လက်နဲ့ မကိုင်ရပါဘူး ၊ ခွက် ကို ကိုင်ပြီးထည့်ရင်လည်း ခွက်အတံလေးကိုပဲ ကိုင်ရပါမယ်၊ ဝိုင်ပုလင်းနဲ့ ခွက် နှုတ်ခမ်းကလည်းမထိရပါဘူး။ ငှဲ့ပြီးရင် ဝိုင်တွေ တစက်စက်ကျမနေဖို့ ပုလင်းကို လှည့်ပြီးမှ ပြန်ရုတ်ရပါတယ်။

(အဲ့မှာ ခုနက လက်ဖျားလေးနဲ့ ကိုင်ထားတဲ့ ပုလင်းကြီး လွတ်ကျသွားရင် ဂွမ်းတာပါပဲ)


တန်ဖိုးကြီးတဲ့ ဝိုင်တွေ ဖိတ်ကုန်တာ အစက်တွေ ကျကုန်တာတော့ ဘယ်သူမှ မမြင်ချင်ဘူးလေနော်။

ကောင်မလေးနဲ့ Dinner Date မှာ ပထမ ခွက်ငှဲ့ပြီးရင် သူ သောက်တာ ဖင်ကပ်မော့တဲ့အထိ စောင့်မနေရပါဘူး ဖင်ကပ်လေး မရောက်တစ်ရောက် လျော့နေပြီဆိုရင် ထပ်ငှဲ့ပေးရပါတယ်။ "စိုက်ကြည့်အလိုက်သိနော်..ဟွင်း ထမတောင်းရစေနဲ့"

နှစ်ယောက်သုံးယောက် ထိုင်နေပြီဆိုရင် ဘယ်သူက သောက်ချင်ယောင်ဆောင်နေလဲ လိုက်ကြည့်ပြီး သူ့ဖန်ခွက်ကို မဖြည့်ပဲ ကျန်တဲ့ လူတွေကို ပဲလိုက်ဖြည့်ပေးရပါတယ်။ကဲ…ဒီတစ်ခါတော့ ပုလင်းအကြောင်းပြီးတော့ ခွက်အကြောင်း လေ့လာကြည့်ရအောင်။

ဝိုင်ခွက်လေးတွေကို ဝိုင်မသောက်ဖူးခင်ကတည်းက ချစ်တတ်ကြတဲ့ သူတွေ ရှိပါတယ်။

ဇာတ်ကားတွေထဲမှာ ခဏခဏ မြင်ဖူးနေတာနဲ့ ဝိုင်ခွက်လေးနဲ့ ဇီးဖျော်ရည်ထည့်သောက်ပြီး စိတ်ကူးယဉ်ခဲ့ဖူးသေးတယ်

အမယ့် သူက ဟဲ့ မေးပေးဦး

ငယ်ငယ်က အဖေနဲ့ စားသောက်ဆိုင်မှာ သွား စားရင် မှာနေကျက SPY Wine အနီပေါ့ ၊ နောက်ပိုင်းကျ အနက်ပေါ့ Level မြင့်လာတာ

အသက်ကြီးရင် အိမ်မှာ ဝိုင်လေး အမြဲ ဆောင်ထားပြီး ထမင်းစားပြီးရင် အစာပြေ ရင်ချောင်လေး သောက်မယ်ပေါ့ အဟက်

အခုတော့ အသက်မကြီးခင်ဆန္ဒပြည့် (မပြည့်ပြည့်အောင်ဖြည့်လိုက်တာ) သွားပါပြီ။

လျှောက်ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး

ဝိုင်ခွက်လေးတွေကိုကြည့်ရင် ဘယ်ဟာက Red Wine အတွက် ဘယ်ဟာက White Wine အတွက် ဘယ်ဟာက champagne (ရှန်ပိန်) အတွက်ဆိုပြီး ခွဲခြားထားပါတယ်။

ရှန်ပိန် ဆိုတာက ပြင်သစ်နိုင်ငံ ရှန်ပိန် ဒေသက ထွက်တဲ့ Sparkling wine (အမြှုပ်ထတဲ့ ဝိုင် ) တစ်မျိုးပါ။ ကျနော်တို့ ဆီလည်း အေးသာယာ ဝိုင် ၊ မေမြို့ ဝိုင် ၊ စသည်ဖြင့် ထုတ်လုပ်တဲ့နေရာကို မူတည်ပြီး ခေါ်ကြတာပဲ။

ဝိုင်ခွက်မှာ ပုံမှာပြထားတဲ့အတိုင်း 1. Rim (အဝ / အနားသား) 2. Chimney ( ပြေဆင်းသွားတဲ့နေရာ) 3. Shoulder (ဖောင်းသွားတဲ့နေရာ) 4. Stem (ခြေတံ) 5. Base ( အောက်ခံ) ဆိုပြီး ခွဲထားလို့ရပါတယ်။

Rim ကို ကျဉ်းပေးထားတာက ခွက်ထဲကို ထည့်ပြီး နောက်လက်ကလေးနဲ့ အသာ မွှေ့လိုက်လို့ ထွက်လာတဲ့ ဝိုင်ရဲ့ အနံ့ကို စုစည်းပြီး ထွက်လာအောင်မို့ပါ။

ခွက်ရဲ့ Body /Shoulder ကတော့ Wine ကို အောက်စီဂျင် (လေ) နဲ့ ပေါင်းစပ်ပြီး သူ့ရဲ့ အနံ့ကို ထွက်ပေါ်လာအောင်အတွက် ဖောင်းပေးထားတာဖြစ်ပါတယ်။

ဝိုင် ကို အပြည့်ကြီး ထည့်လိုက်တဲ့အခါ မွှေ့လို့မရ လေနဲ့ ဓါတ်ပြုလို့မရတော့ ဝိုင်အနံ့အရသာကို ပြည့်ပြည့်ဝဝ မခံစားရတော့ဘူးပေါ့။

Stem ကတော့ လက်ကိုင်ဖို့ပါ ။ Body မှာ ကိုင်လိုက်ရင်လက်က အပူတွေ ဖန်ခွက်ဆီရောက်ပြီး ဝိုင်အရသာပျက်သွားမှာစိုးတာရယ် ။ ကို့လက်က လက်ဗွေရာတွေ body မှာထင်ကျန်ပြီး ဖုန်းကို lock ဖွင့်မှာ စိုးတာရယ်

(မဟုတ်ဖူးနော် လျှောက်ပြောတာ)

လက်ဗွေရာကြောင့် ဝိုင်ရဲ့ အရောင်အဆင်း ကြည်လဲ့မှု (အသားအရေရဲ့ စိုပြည်ဝင်းလဲ့မှုတောင်သတိရသွားပြီ) စတာတွေကို မမြင်ရမှာစိုးလို့ Stem ကနေ ကိုင်ခိုင်းတာပါ။

ဝိုင်ကို သုံးဆောင်တော့မယ်ဆိုရင်

Look - ကြည့်ပါ Smell - အနံ့ရှူပါ Taste - အရသာခံပါ Conclude - ကောင်း/မကောင်း ဆုံးဖြတ်ပါ။

Look ဘာတွေကြည့်ရမတုန်း ကြည်သလား နောက်သလား ခိုသွေးရောင်လား / အရောင်ရင့်လား အမှိုက်တွေပါလား အဖတ်တွေပါလား နောက်နေတာနော်

ဘာမှနားမလည်လဲ ကြည့်ဆိုကြည့်လိုက်ပါ

Smell အနံကတော့ ဟယ် စပျစ်သီးနံ့လေး မက်မန်းသီးနံ့လေး ဘာအသီးနံ့လေး စသည်ဖြင့်ပေါ့ ဒီဟာက အနံ့ပြင်းတယ်တော့ သူက မွှေးမွှေးလေးဟဲ့ စသည်ဖြင့် လျှောက်ရွှီးပါ

Taste အသာလေး ချောင်းဆိုးပျောက်ဆေး နှစ်ခွက်စာလောက် သောက်ပြီး အရသာခံပါ။ တစ်ငုံစာလို့ရေးရင် ပါးဖောင်းအောင် ငုံမှာစိုးလို့ ။ 10-15 ml လောက်သောက်ပြီး ချိုလား ၊ ချဉ်လား ၊ ပေါ့လား ၊ ရှလား စသည်ဖြင့် အရသာခံပါ။

Conclude အားလုံးပြီးမှ ကောင်း /မကောင်း ၊ ကြိုက်မကြိုက် ဆုံးဖြတ်ပြီး ဆက်သောက်ပါ။


ကဲ ဒီတစ်ခါတော့ ဇာတ်သိမ်းပိုင်းဆိုတော့

ခွက်ချင်းတိုက်ပြီး ချီးယားကြတာပေါ့။

ဝိုင် ခွက်တွေ က ပါးတော့ ချီးယားတဲ့အခါ အားပါပြီး ခွပ်ဆို ကွဲသွားလို့ကတော့ ဖန်ကွဲတွေရော ဝိုင်အနီတွေပါစွန်းကုန်လို့ တစ်ကိုယ်လုံး ယောက်ျားကြီး တန်မယ့် ရာသီလာသွားတတ်ပါတယ်။

ဝိုင် ခွက်တွေကို ခွက်ချင်း တိုက်တဲ့အခါ အနားစွန်းကနေ မတိုက်ရပါဘူး ပါးပြီး ကွဲလွယ်လို့ နှုတ်ခမ်းပဲ့ချငိး မီးတွေ မှုတ်နေရပါလိမ့်မယ်။

ထူထဲပြီး အသံသာတဲ့ Body နေရာကနေ နှစ်ခွက်ကို စောင်းပြီး တိုက်မှ နည်းမှန် အသံမှန် ထွက်လာပါတယ်။

ခေါင်းလောင်းလေးမြည်သလို အသံလေးကို Clink လို့ခေါ်ပါတယ် ဖန်ခွက်ချင်းတိုက်ရမှ ထွက်ပေါ်လာသောအသံ ပေါ့။ မြန်မာလိုတော့ “ကလင်” ပေါ့လေ ။ ဆင်တူပါပဲ။

ခွက်ချင်းတိုက်တဲ့အခါ မှာ ကိုယ့် ဝိုင်ကိုယ် မကြည့်ပဲ တစ်ဖက်လူ မျက်လုံးကို ကြည့်ရပြီး

သောက်တဲ့ အခါကျ တစ်ဖက်လူကို မကြည့်ရပဲ ကိုယ့်ဝိုင်ခွက်ကိုပဲ ကြည့်ရပါမယ်တဲ့။

သူများသောက်နေတာ ကြည့်ရင် ရိုင်းတယ်တဲ့ ။ဒီ video လေးတွေမှာ သူတို့ တိုက်ပြထားတဲ့ အသံလေးတွေရှိပါတယ်။









နောက်ဆုံးသတ်အနေနဲ့ အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်

၁။ ဝိုင်ခွက်ရဲ့ ကိုယ်ထည်ကို မကိုင်ပါနဲ့ ၊ ခြေထောက်ကနေကိုင်ပါ။

၂။ ဝိုင်ပုလင်းရဲ့ လည်ပင်းကနေမကိုင်ပါနဲ့။ ပုလင်းအခြေကနေကိုင်ပါ။

၃။ဝိုင်ကို ခွက်အပြည့်ထိ မထည့်ပါနဲ့ ။ ခွက်ရဲ့ ၃ ပုံ ၁ ပုံ ခန့်ပဲ ထည့်ပါ။

၄။ခွက်ချင်းတိုက်ရင် နှုတ်ခမ်းက မတိုက်ပါနဲ့။ ကိုယ်ထည်ကတိုက်ပါ။

၅။ ဝိုင်ကို နှုတ်ခမ်းနီဆိုးထားရင်ဖြစ်ဖြစ်၊ ဝက်ဆီဖတ်စားထားရင်ဖြစ်ဖြစ် ခွက်ပတ်လည်နေရာစုံက မသောက်ပါနဲ့ တစ်နေရာတည်းကပဲ သောက်ပါ။

၆။ သူများတွေ ထက် အရင်ကုန်အောင် မသောက်ပါနဲ့ ။

၇။ ခွက်ထဲမှာ တစ်စက်မှ မကျန်အောင် မော့ မသောက်ပါနဲ့။

၈။ ကိုယ့်ခွက်ကို အရင်မဖြည့်ပါနဲ့ ။ သူများခွက်ကို အရင်ဖြည့်ပါ။

———

ဝိုင် ပုလင်းဖတ်နည်း


ဝိုင်ပုလင်းဖတ်တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း

အလယ် ထိပ်ဆုံးမှာ - ထုတ်တဲ့နေရာ (Location) သို့မဟုတ် ထုတ်တဲ့ company (producer) အမည်ကိုရေးပါတယ်။ အဲ့အောက်မှာတော့ ထုတ်လုပ်တဲ့ Area သို့မဟုတ် Region ကို ရေးပါတယ်။

အဲ့အောက်မှာ Wine အမျိုးအစားနဲ့ စပျစ်သီးခူးပြီး ဝိုင်စစိမ်တဲ့ ခုနှစ်ကို ရေးပါတယ်။ အဲ့အောက်မှာတော့ ပုလင်းထဲ ထည့်တဲ့နေရာကို ရေးပါတယ်။ Estate bottled လို့ရေးထားရင် ဝိုင်လုပ်တဲ့နေရာနဲ့ ပုလင်းထဲထည့်တဲ့နေရာ အတူတူပဲလို ဆိုလိုတာပါ။ အဲ့အောက်မှာ Alcohol Content (အရက်ပါဝင်မှု ပြင်းအား) ကိုရေးပါတယ် ။ (11-15%) အစားစားပါပဲပြင်းအား များလေ ခွက်ထဲကို လျှော့ထည့်ရလေပါပဲ ၊ ပုံတွင်ရှု ပြီးရင်တော့ ပါဝင်တဲ့ volume ကိုရေးပါတယ်။ နမူနာအနေနဲ့ မြန်မာ့ ဝိုင်လေးကို Label ဖတ်ကြည့်ပါ။



အားလုံးပဲ ဝိုင်သောက်ဖြစ်ကြပါစေ။

13th Friday October 2023








6 views0 comments

Recent Posts

See All

အေးဘုံရဲ့ ဆာဝါဒီခ

အေးဘုံတစ်ယောက် သူများတွေ ထိုင်း သွားတယ် ထိုင်းသွားတယ်ဆိုနဲ့ပဲ ရွာက ဘကြီး ဝမ်းကွဲ ကို လယ်တစ်ကွက်ရောင်းပြီး (လယ်အစစ်ပါ)...

ကျောင်းဈေး

အဲ့ဒီနှစ်က မိုးခေါင်လို့ စပါးရောသီးနှံရော ဘာမှမရတဲ့ နှစ်ပေါ့။ အိမ်က ရှိစုမဲ့စုလေးလည်း ရောင်းတလှည့်ပေါင်တလှည့်နဲ့ ကုန်လုနီးပြီ။...

Comments


bottom of page